ကျောက်ကပ်ဆေးခြင်း အကြောင်း
ကျောက်ကပ်ရဲ့ လုပ်ငန်းစဥ်ဖြစ်တဲ့ သွေးအတွင်းမှ မလိုလားအပ်တဲ့ အညစ်အကြေးတွေ၊ ပိုလျှံနေတဲ့အရည်တွေကို စစ်ထုတ်စွန့်ပစ်ခြင်းကို မလုပ်နိုင်တော့တဲ့အထိ ပျက်စီးယိုယွင်းလာပြီဆိုရင် ကျောက်ကပ်ဆေးခြင်းကုထုံးကို ခံယူဖို့ လိုလာပါတယ်။ ကျောက်ကပ်ဆေးခြင်း အမျိုးအစား (၂) မျိုးရှိပါတယ်။ Hemodialysis နဲ့ Peritoneal Dialysis တို့ဖြစ်ပါတယ်။
ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်နဲ့ ကျောက်ကပ်ဆေးခြင်း
ကျောက်ကပ်နှစ်လုံးဟာ ပဲစေ့ပုံစံ ဖြစ်ပြီး ကျောရိုးမကြီးရဲ့ တစ်ဖက်တစ်ချက်စီ၊ နံရိုးအိမ်ရဲ့ အောက်မှာ ရှိပါတယ်။ သွေးတွင်းမှ အဆိပ်အတောက်တွေကို သန့်စင်စစ်ထုတ်ပေးကာ ဆီးနဲ့အတူ စွန့်ပစ်ပြီး အာဟာရပြည့်ဝသောသွေးများကို သွေးစီးကြောင်းထဲသို့ ပြန်လည်ပတ်စေပါတယ်။ ဒီနည်းလမ်းကြောင့် ခန္ဓာကိုယ်ရဲ့ သွေးဖိအားကိုလည်း ထိန်းညှိပေးရာ ရောက်စေပါတယ်။
များသောအားဖြင့် ဆီးချိုရောဂါ၊
သွေးတိုးရောဂါနဲ့ အရေပြားလေးဖက်နာတို့ရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့် ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့်ရောက်သွားရတဲ့ လူနာတွေမှာ အသက်ရှင်သန်ဖို့အတွက် ကျောက်ကပ်ဆေးခြင်းနဲ့ ကျောက်ကပ်အစားထိုးကုသခြင်း သာ ရွေးချယ်စရာရှိတဲ့ အခြေအနေတွေ ရင်ဆိုင်လာရတတ်ပါတယ်။ အချို့လူနာများကတော့ ကျောက်ကပ်အစားထိုးဖို့ စောင့်နေစဥ်မှာ ကျောက်ကပ်ဆေးရလေ့ ရှိပါတယ်။
Hemodialysis
ကျောက်ကပ်သန့်စင်စက်ရဲ့ အကူအညီနဲ့ ကိုယ်ထဲမှ သွေးများကို စက်အတွင်းမှာ သန့်စင်ပေးပြီး အဆိပ်အတောက် ကင်းသွားတဲ့သွေးတွေကို ကိုယ်ထဲကို ပြန်သွင်းပြီး လည်ပတ်စေတဲ့နည်းလမ်း ဖြစ်ပါတယ်။ ဒီသန့်စင်ခြင်းဟာ ၃-၅ နာရီခန့် ကြာမြင့်တတ်ပြီး ဆေးရုံနဲ့ ကျောက်ကပ်သန့်စင်ပေးတဲ့ စင်တာတွေမှာ ၃ ပတ်ကို တစ်ကြိမ်ခန့် သွားရောက်ကုသရပါတယ်။ အချို့လည်း စက်ကို ဝယ်ထားကာ အိမ်မှာပဲ တက်ကျွမ်းသော ဆရာဝန်၊ သူနာပြုများ ကြပ်မတ်ညွှန်ကြားပေးပြီး တစ်ပတ်မှာ လေးကြိမ်မှ ခုနစ်ကြိမ်ထိ တစ်ခါဆေးလျှင် နာရီအနည်းငယ်မျှ နဲ့ ဆေးလေ့ရှိကြပါတယ်။ အိမ်မှာကျ ညဘက် အိပ်နေစဥ် ကျောက်ကပ်ဆေးလို့လည်း အဆင်ပြေနိုင်ပါတယ်။
Hemodialysis မပြုလုပ်ခင် အသေးစားခွဲစိတ်မှု (လက်မောင်းမှာ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော ဆက်ခြင်း) အရင်ပြုလုပ်ရပါတယ်။ အကယ်၍ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောကို ဆက်ဖို့ တိုနေကာ မမှီဖြစ်နေရင် ပြွန်ပျော့ကို ကြားမှာခံကာ ဆက်သွယ်ပေးရတာမျိုး ပြုလုပ်ရပါတယ်။ သို့မှသာ ကျောက်ကပ်ဆေးတဲ့အခါ သွေးများ ခန္ဓာကိုယ်မှ စက်သို့၊ စက်မှ ခန္ဓာကိုယ်သို့ ပိုမို မြန်ဆန်ချောမွေ့စွာ စီးဆင်းနိုင်မှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကျောက်ကပ်ဆေးခြင်းကို အမြန်လိုအပ်နေတဲ့အချိန်များဆိုရင် လည်ပင်း၊ ရင်ဘတ်နဲ့ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေကို ယာယီ အသုံးပြုရတာလည်း ရှိနိုင်ပါတယ်။
ကျောက်ကပ်ဆေးနေစဥ်မှာ သွေးပေါင်ချိန်ကို စောင့်ကြည့်ရပါတယ်။ အချို့သောလူများတွင် ကျောက်ကပ်ဆေးပြီးချိန်မှာ သွေးပေါင်ကျတတ်ကာ မူးဝေတာ၊ ရင်ဘတ်အောင့်၊ ကျောအောင့်တာ၊ ခေါင်းကိုက်တာ၊ အသားယားတာ၊ ကြွက်တက်တာမျိုးတွေ ကြုံရတတ်ပါတယ်။
Peritoneal Dialysis
ဝမ်းဗိုက်နံရံမှာရှိတဲ့ သွေးကြောငယ်လေးများက ကျောက်ကပ်သန့်စင်ဆေးရည် အကူအညီနဲ့ သွေးကို သန့်စင်စစ်ထုတ်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ကျောက်ကပ်သန့်စင်ဆေးရည်မှာ ရေ၊ ဆားနဲ့ အခြားပါဝင်ဖက်တွေ ပါဝင်ပါတယ်။ Peritoneal Dialysis မစတင်ခင် ၃ပတ်အလိုမှာ ခွဲစိတ်မှုတစ်ခု ပြုလုပ်ရပါတယ်။ ဝမ်းဗိုက်နံရံတွင်းသို့ ပိုက်ပျော့ (Cathetre) ကို ဆရာဝန်မှ ထည့်သွင်းပေးလိုက်ပါတယ်။ ဒီပိုက်ပျော့ဟာ တစ်သက်လုံး ထည့်ထားရမှာ ဖြစ်ပါတယ်။
ဒီပိုက်ပျော့ကို ‘Y' ပုံစံရှိတဲ့ နောက်ထပ် ပိုက်တစ်ခုရဲ့ အခွတစ်ဖက်နဲ့ ဆက်ရပါတယ်။ နောက်အခွတစ်ဖက်ကို ကျောက်ကပ်သန့်စင်ရည်ပါဝင်သော အိတ်နဲ့ ဆက်ကာ အရည်များကို ထိုမှတစ်ဆင့် ဝမ်းဗိုက်တွင်းကို ဝင်သွားစေပါတယ်။ အိတ်ထဲမှ အရည်များ ကုန်သွားတဲ့အခါ ပိုက်ပျော့မှ ‘Y' ပုံစံပိုက်ကို ဆယ်မိနစ်ခန့် ခဏဖြုတ်ထားပါ။ ပိုက်ပျော့ကို အဖုံးပိတ်ထားပါ။ တစ်နာရီ၊ တစ်နာရီခွဲခန့် ထားနေစဥ်မှာ သန့်စင်ရည်သည် ဝမ်းဗိုက်တွင်းမှ အညစ်အကြေးတွေကို စုပ်ယူဖယ်ရှားနေပါလိမ့်မယ်။
အချိန်စေ့သွားတဲ့အခါ ပိုက်ပျော့ကို အဖုံးဖွင့်၊ ပိုက်ပျော့နဲ့ ‘Y' ပုံစံပိုက်ကိုဆက်၊ Yရဲ့ နောက်အခွတစ်ခုကို အိတ်အလွတ်နဲ့ ဆက်ပြီး အရည်တွေ ပြန်စီးထွက်လာအောင် ထားလိုက်ပါ။ ဒီအဆင့်များကို တစ်နေ့လေးကြိမ် ပြုလုပ်ရပါတယ်။ လူကိုယ်တိုင် လုပ်နိုင်သလို Automated peritoneal dialysis Cycler စက်ကိုလည်း သုံးနိုင်ပါတယ်။
Peritoneal Dialysis ကုထုံးသည် မနာကျင်ပေမဲ့ ဝမ်းဗိုက်ထဲမှ အရည်များကြောင့် ဗိုက်တင်း၊ဗိုက်ပွသလို မသက်မသာ ခံစားရစေနိုင်ပါတယ်။ ပိုက်ပျော့ထည့်ထားရသည့်အတွက် ပိုးဝင်ခြင်း၊
ဝမ်းဗိုက်နံရံ ယောင်ယမ်းခြင်း၊ ဖျားခြင်း ၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ အူကျွံခြင်းများ ဖြစ်တတ်ပါတယ်။
ကျောက်ကပ်ဆေးခြင်းကြောင့် ဆယ်နှစ်၊ အနှစ် နှစ်ဆယ်ခန့် ပိုနေထိုင်သွားနိုင်တာမျိုး ရှိပါတယ်။ ကျောက်ကပ်ဆေးနေရ၍ အိပ်ရာထဲလဲနေရတာမျိုး မဟုတ်ဘဲ ပုံမှန်အတိုင်း သွားသွားလာလာ နေနိုင်သူများလည်း ရှိပါတယ်။ ကျောက်ကပ်အစားထိုးခြင်း မပြုလုပ်နိုင်သည့်တိုင် ကျောက်ကပ်ဆေးသောကုထုံးနဲ့ အဆင်ပြေသော ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့် လူနာများလည်း ရှိပါတယ်။ ကျောက်ကပ်ပျက်စီးယိုယွင်းနေလို့ စိတ်ဓာတ်မကျဖို့ အားပေးရင်း ကျောက်ကပ်ဆေးခြင်းအကြောင်း ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်